Friday, September 04, 2015

Hello Monster (aka) I remember You (K-drama Review)




Name: “Hello Monster” or “I remember you”
Genre: Thriller, Mystery, Romance
No. of Episode: 16
Broadcast network: KBS
Broadcast period: June 22, 2015 – August 11, 2015
Main Cast:
Seo In-guk as Lee Hyun / David Lee
Hong Hyun-taek as young Lee Hyun
Jang Na-ra as Cha Ji-an
Choi Won-young as Lee Joon-ho / Lee Joon-young
Do Kyung-soo as young Lee Joon-young
Park Bo-gum as Jung Sun-ho / Lee Min
Hong Eun-taek as young Lee Min
My Rating: 4.5/5

ဇာတ်လမ်းအကျဉ်း



သူ့အတိတ်က မမှတ်မိတော့တဲ့ ကလေးဘဝက အကြောင်းတွေနဲ့ သေဆုံးပြီလို့ထင်ထားတဲ့ ညီငယ်ရဲ့ အရိပ်အမြွတ်ပါတဲ့ မှုခင်းတစ်ခုကို Hyun ရဲ့ အီးမေးလ်းထဲ အမည်မသိသူတစ်ယောက်က ပေးပို့လိုက်တဲ့အခါ Hyun တစ်ယောက် ရပ်တန့်နေတဲ့ သူ့ရဲ့ ဘဝကို ပြန်လည့်ခြေရာခံဖော်ထုတ်ဖို့ ကိုရီးယားကို ပြန်ရောက်လာခဲ့တယ်။ Hyun ဟာ ခုချိန်မှာ သိပ်ပြီး ထူးချွန်တဲ့ မှုခင်းအကြံပေး ပါမောက္ခ ဆရာ တစ်ဦးအဖြစ် အဲ့ဒိနယ်ပယ်မှာ ထင်ရှားလေးစားခြင်းခံရတဲ့ လူတစ်ယောက်ဖြစ်နေပြီလေ။ Hyun မှတ်မိတဲ့ အတိတ်မှာ သူတို့ဖေဖေရယ်၊ သူနဲ့ သူ့ညီလေး Min ရယ် ၃ယောက်ရှိတယ်။ သူ့ညီလေးက အမြင်မှာ သာမာန်ကလေးတစ်ယောက်လိုပေမဲ့ တကယ်တမ်းတော့ သတ်ဖြတ်ရတာကိုစိတ်အားသန်တယ်ဆိုတာ သိပ်တော်တဲ့ Hyun က သိပေမဲ့ အလုပ်သိပ်များတဲ့ သူတို့ ဖေဖေကို မပြောပြဖြစ်ခဲ့ဘူး။ ဒါပေမဲ့ သူတို့ ဖေဖေက Min လုပ်ခဲ့သမျှကို Cover ပေးနေတဲ့ Hyun ကို မကောင်းဆိုးဝါးတစ်ကောင်လို သံသယဝင်ခဲ့တယ်။ Hyun က သူ့ညီလေး Min ကို သူကိုယ်တိုင်ပဲ ကိုယ်ဖိရင်ဖိစောင့်ရှောက်ခဲ့တဲ့အတွက် ညီအစ်ကို ၂ယောက်သိပ်ချစ်ကြတယ်။ Hyun ရှိနေရင် Min က သူ့အစ်ကို စကားကို နားထောင်တယ်လေ။

သူတို့အေးချမ်းတဲ့ ဘဝထဲကို Lee Joon Yong ဆိုတဲ့ စိတ္တဇ လူသတ်သမားတစ်ယောက် မထင်မှတ်ပဲ ဝင်ရောက်လာခဲ့တယ်။ Lee Joon Yong ကို သူတို့အဖေက စစ်ဆေးရေးအခန်းထဲ အင်တာဗျူးရင် ခဏနားနေတဲ့အချိန် ပစ္စည်းကျန်ခဲ့လို့ လိုက်ပေးတဲ့ Hyun နဲ့ မထင်မှတ်ပဲဆုံခဲ့တယ်။ ကလေးကို Lee Joong Yong စကားပြောကြပြီး သူတို့ချင်း ကတိတွေပေးနေတဲ့အချိန်မှာ Hyun ဖေဖေပြန်ရောက်လာပြီး Hyun အပေါ်သံသယတွေပိုကြီးလာခဲ့တယ်။ အဲ့ဒိစိတ်နဲ့ပဲ Hyun ကို သူတို့ဖေဖေက အိမ်ရဲ့ မြေအောက်ခန်းထဲမှာ ပိတ်ထားစေခဲ့တယ်။ အကြောင်းကတော့ Lee Joon Yong က Hyun ကို သေချာပေါက်လာရှာမယ်လို့ ခြိမ်းခြောက်ခဲ့လို့ပဲ။ LJY ဟာ သူပြောခဲ့တဲ့အတိုင်း ထောင်ကနေထွက်ပြေးပြီး Hyun တို့အိမ်ကိုလာပြီး သူ့ဖေဖေကိုသတ်ခဲ့တယ်။ အဲ့ဒိအဖြစ်အပျက်တွေကို မြင်တဲ့ Min က ကြောက်ပြီး အိမ်ကနေ ထွက်ပြေးပျောက်ကွယ်သွားခဲ့တယ်။ အဲ့ဒိညက LJY က Hyun ကို ပြောခဲ့တာတွေကို Hyun ရဲ့ မှတ်ဉာဏ်ထဲမှာ ဘယ်လိုမှ မမှတ်မိဘူးဖြစ်နေတယ်။

ဒီလိုနဲ့ အနှစ် ၂၀ကြာပြီးနောက်မှ Min နဲ့ပတ်သတ်နေတယ်လို့ထင်ရတဲ့ အမှုတစ်ခုကနေ အစဖော်ပြီး လိုက်စုံစမ်းဖို့ Hyun တစ်ယောက် အထူးစုံစမ်းရေးအဖွဲ့ရဲ့ အကြံပေးအနေနဲ့ အလုပ်လုပ်ဖို့ သဘောတူခဲ့တယ်။ အဲ့ဒိအဖွဲ့ထဲမှာ Hyun ကမသိခဲ့ပေမဲ့ Hyun ကို ငယ်ငယ်ကတည်းက အမြဲခြေရာခံပြီး Hyun အကြောင်းတွေကို သိတဲ့ ရဲအရာရှိ Cha Ji An နဲ့ တွေ့ခဲ့တယ်။ ဒီလိုနဲ့ ထပ်ကာထပ်ကာ ဇာတ်တိုက်ဖြစ်လာတဲ့ လူသတ်မှုတွေကိုအတူတူဖော်ထုတ်ရင်း၊ Hyun ရဲ့ အတိတ်ဇာတ်ကြောင်း၊ ပျောက်ဆုံးလွတ်မြောက်နေတဲ့ စိတ္တဇလူသတ်ကောင် Lee Yoon Yong အကြောင်း၊ သေဆုံးပြီလို့ထင်နေပေမဲ့ သဲလွန်စတွေနဲ့အတူ ပြန်ပေါ်လာတဲ့ သူ့ညီလေး Min၊ Cha Ji An ရဲ့ လျှို့ဝှက်ချက်နဲ့အတူ သံယောဇဉ်တွေ ယုံကြည်မှုတွေနဲ့ တဖြည်းဖြည်းတည်ဆောက်လာမဲ့ ချစ်ဇာတ်လမ်းလေးကိုလဲ ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားကြပါလို့။

ဝေဖန်ရေး


ဇာတ်လမ်းတစ်ခု ပြီးသွားလို့ အဲ့ဇာတ်လမ်းအကြောင်းကိုပဲ ဆက်တွေးနေမိပြီ၊ အဲ့ဇာတ်လမ်းနဲ့ပတ်သတ်တဲ့ Fan made MV တွေ Youtube မှာ လိုက်ရှာနေမိပြီ ဆိုရင် အဲ့ဒိဇာတ်လမ်းကို မဗေဒါကတော့ 4.5 ဒါမှမဟုတ် 5 အပြည့် ပေးချင်မိပြီပဲ။ ဒီဇာတ်ကားကို ကြည့်နေတုန်းကတော့ မျက်ရည်တောက်တောက်ကျခဲ့တဲ့အချိန်၊ မင်းသမီး မင်းသားကိုကြည့်ပြီး ရင်ထဲက လိပ်ပြာတွေ တဖျက်ဖျက်ထပျံတဲ့အချိန် မဖြစ်ခဲ့ပေမဲ့ ဇာတ်လမ်း ဆုံးခါနီးလေ အဲ့ဒိထဲက ဇာတ်ကောင်တွေနဲ့ ပိုရင်းနှီးလာလေ။ ပိုစိတ်ဝင်စားလာလေဖြစ်လာအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အင်း… ဆုံးသွားပြီးတော့ ခုလို Withdrawal Symptom တွေနဲ့ တမြည့်မြည့်ကျန်ခဲ့အောင် ကျွန်မကို လုပ်နိုင်ခဲ့ပါတယ်။

ဒီဇာတ်လမ်းဟာ အဆုံးနားရောက်ခါနီးလေး ဘယ်လိုဆုံးစေချင်မှန်း ကိုယ့်ကိုကိုယ်မသိတော့လေဖြစ်ပြီး စာရေးဆရာ ဘယ်လိုပေးဆုံးမလဲဆိုတာကို မှန်းမရအောင်ဖြစ်ခဲ့ပါတယ်။ ဇာတ်သိမ်းနဲ့ ပတ်သတ်ပြီး တချို့တွေကလဲ စိတ်ထဲ သိပ်မကျေနပ်ကြသလို ခိုးလို့ခုလုဖြစ်ကြမယ်ဆိုတာကိုလဲ နားလည်ပါတယ်။ အဲဒိအတွက် မဗေဒါရဲ့ အတွေးကို Spoiler မဖတ်ချင်သူတွေ မမြင်အောင် အောက်က Spoiler အကန့် မှာ သီးသန့်ရေးပေမယ်နော်။ မဗေဒါကတော့ ခုလို ဇာတ်လမ်းလေးကို အဆုံးသတ်ပေးသွားတာကို အကောင်းဆုံးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ တစ်ဇာတ်လုံး ဖြစ်ပျက်ခဲ့တာတွေက အိပ်မက်လုပ်ပြစ်လိုက်လို့မှ မရပဲကိုး။ စိတ္တဇလူသတ်သမားတွေရဲ့ အတွေးနဲ့ လူသတ်တဲ့ Pattern တွေကို လေ့လာတဲ့ မှုခင်းဆိုင်ရာ သုံးသပ်ချက်တွေကို သိရတာ စိတ်ဝင်စားဖို့ကောင်းတယ်လို့ထင်တယ်။ ပြီးတော့ စိတ္တဇလူသတ်သမားတွေရဲ့ သူတို့လုပ်တဲ့ အပြစ်အပေါ် လုံးဝအပြစ်ရှိတယ်လို့ မခံစားရပဲ သူတို့လုပ်ရပ်အတွက် အကြောင်းပြချက်တွေနဲ့ အမြဲ ပြန်ညှိနေတဲ့ စိတ်အနေအထားကို ပေါ်လွင်အောင်ပြသထားတယ်။
ဇာတ်လမ်းတစ်လျှောက်လုံးလဲ အပိုင်းတိုင်းက သူ့ဟာနဲ့သူ အံဝင်ဂွင်ကျဖြစ်နေပြီး ဒီအပိုင်းကတော့ ပိုကောင်းနေတယ် ဒီအပိုင်းကတော့ တော်တော်လေးပျင်းဖို့ကောင်းသွားတယ် စသည်ဖြင့် မညီမညာ မဖြစ်တဲ့အတွက် သေသေချာချာ စဉ်းစားထားတယ်လို ယူဆရတယ်။ ဇာတ်လမ်းကျောရိုးက တကယ်တော့ စိတ္တဇလူသတ်မှုကို ဖော်ထုတ်တဲ့ဇာတ်လမ်းဖြစ်တဲ့အတွက် Dark tone ဖြစ်ပေမဲ့ ဇာတ်ပို့တွေရဲ့ Character နဲ့ အတတ်နိုင်ဆုံးပေါ့ပေါ့ပါးပါးလေးရိုက်ထားတာတွေ့ရတယ်။ အဓိက သရုပ်ဆောင် ၂ယောက်ကြားက ချစ်ဇာတ်လမ်းလေးက တခြားကားတွေလို အရမ်း Dramatic မဆန်ပဲ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ယုံကြည်မှု သံယောဇဉ် ဦးတည်ချက်တူညီမှုတွေနဲ့ ဖြည်းဖြည်းချင်း ငြိတွယ်သွားကြတာမျိုးလေး ပါးပါးလေးပြလို့ သဘောကျတယ်။ သူတို့အတွဲချင်း ချစ်တယ်လို့ပြောတဲ့အခန်းတောင် ပါရဲ့လားမသိဘူး။ နမ်းတာတော့ တစ်ကားလုံးမှာ ၂ကွက်ပဲပါတယ်။ မင်းသမီးပြန်ပေးဆွဲခံရတာကနေ လွတ်လာတုန်းကနဲ့ နောက်ဆုံးခန်းပဲထင်တာပဲ။ နောက်ထပ် အချစ်ဇာတ်လမ်းကတော့ သူတို့ညီအစ်ကို ကြားက အချစ်ဇာတ်လမ်းပဲ။ သူတို့ ညီအစ်ကိုကြားက အချစ်ကိုတော့ “ချစ်တယ်” ပြောတာပါတယ်။ သူ့ညီက အစ်ကိုကို တအား Dependent ဖြစ်တဲ့ type လေ။ သူ့ ဘဝတစ်လျှောက်လုံး သူ့ကို ပစ်သွားတယ်လို့ထင်တဲ့သူ့အစ်ကိုကို မုန်းနေ၊ စောင့်ကြည့်နေ၊ မျှော်လင့်နေ၊ ချစ်နေရင်းနဲ့ပဲ နေလာခဲ့တာလေ။ အပြင်ပန်းကြည့်ရင် ထူးချွန်တဲ့ ရှေ့နေတစ်ယောက်ပေမဲ့ သူ့အစ်ကိုကိုမုန်းတဲ့စိတ်နဲ့ တစ်စုံတစ်ယောက်ကို ပစ်သွားတဲ့ သူတွေတွေ့တိုင်း သူက လိုက်သတ်နေတာ။ သူ့မျက်လုံးလေးတွေကနေ သူ့အစ်ကို သူ့ကို မှတ်မိလာစေချင်တာ သနားစရာတော့ကောင်းသား (ဟီး… အဲ့မင်းသား Park Bo Gum ကို ကြိုက်သွားလို့ ဘက်လိုက်ပြောတာပါ။ မသိရင်မှတ်ထားလိုက်နော် မဗေဒါ ကြိုက်လိုက်ရင် အဲ့လိုရုပ်မျိုးများတယ်။ ရှူး… ယောက်ျားတော့ အဲ့မင်းသားကို အမြင်ကပ်ပြီသေချာတယ်။)

ဒီကားမှာ မင်းသမီး Jang Nara က သရုပ်ဆောင်ကောင်းပါတယ်။ ဒါပေမဲ့ သိပ်စိတ်တိုင်းမကျတာလေးတွေအနည်းအကျဉ်းကတော့ သူ့ထက် လူကောင်နည်းနည်း Build up ဖြစ်တဲ့ မင်းသမီးဆို ပိုကြည့်ကောင်းမလားလို့။ ဒါပေမဲ့ တခြားဝေဖန်ရေးသမားတွေကတော့ Jang Nara က အဲ့နေရာနဲ့ လိုက်ဖတ်တယ်လို့ ဝေဖန်ကြတာ တွေ့ပါတယ်။သူတို့အပြောကတော့ လူကောင်းသေးပေမဲ့ သတ္တိမသေးတဲ့ ရဲမေအနေနဲ့ သရုပ်ဆောင်တာလိုက်တယ်တဲ့။ မင်းသားနဲ့လိုက်တယ်လို့ပြောတဲ့သူတွေလဲ ပြောတယ်။ ဒါပေမဲ့ မဗေဒါကတော့ မင်းသားနဲ့ မလိုက်ဖူးလို့ထင်တယ်။ Master Sun တို့ဘာတို့က မင်းသမီးရော၊ သူနဲ့တွဲတဲ့ မင်းသမီးရောကို သူနဲ့လိုက်တယ်လို့ခံစားခဲ့ရတယ်။ ခု Jang Na Ra နဲ့ကျတော့ ဖက်ချင်ရင်တောင် သူ့မနည်းမှီအောင် ဖတ်နေရတယ်။ ဒါတောင် မင်းသားက ဒီလောက် အရပ်ရှည်တဲ့သူမဟုတ်ဘူး။ Overall ကတော့ ကောင်းပါတယ်။


အဲလူဆိုးငယ်ငယ်က လုပ်တဲ့ Exo အဖွဲ့ထဲက DO နဲ့ ကြီးလာတဲ့ လူဆိုးလုပ်တဲ့ Choi Won-young ကိုလဲ သဘောကျတယ်။ DO က စိတ္တဇ အရူးသရုပ်ဆောင်တာ အတော်လေးပိုင်တယ် မထင်ရဘူး။ လူကောင်လေးသေးပေမဲ့ နောက်ပိုင်း Acting career မှာ တက်လာစရာရှိတယ်။ EXO fan base ကလဲ နည်းမှ မနည်းပဲဟုတ်? Lee Joon Young လူကြီးအဖြစ် သရုပ်ဆောင်တဲ့ CWY ကိုလဲ ချီးကျူးတယ်။ သူက ကားတော်တော်များများမှာ ပါလေ့ရှိပါတယ်။ မှတ်မိတာတော့ Heirs ထဲက CNBLUE ထဲက Min Hyuk အဖေလုပ်တဲ့လူလေ။ အပေါ်က ပိုစတာမှာသာကြည့်လိုက်တော့နော်။ တမင် သူတို့ပါတဲ့ ပိုစတာကို တင်တာ။ သူတို့က ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင်တွေဖြစ်ပြီး Official posters တွေက ရဲအဖွဲ့သား ဇာတ်ပို့တွေနဲ့ပဲထွက်နေလို့ မတရားဘူးထင်လို့။ အဓိက ၃ယောက်ပါတဲ့ အပေါ်က ပိုစတာကို အကြိုက်ဆုံးပဲ။

အဲ ဇာတ်ဆောင်တွေအကြောင်းပြောရင် ကလေး သရုပ်ဆောင် ၂ယောက်ကိုလဲ မထားခဲ့သင့်ဘူး။ ဒါနဲ့ အဲ့ဒိ ကလေးလေး ၂ယောက်က အပြင်မှာလဲ တကယ့်ညီအစ်ကို အရင်းတွေလိုသိရတယ်။ ၂ယောက်လုံး သရုပ်ဆောင်ကောင်းတယ်။ အကြီးလေးကလဲ လူကြီးလေးကျနေတာပဲ။ မျက်နှာသေပဲလုပ်တတ်တာ နေမှာပါလို့ ထင်ထားပေမဲ့။ သူ့အဖေသူ့ကို မြေအောက်ခန်းထဲခေါ်သွားတော့ ငိုပြီး “သားကို ဘာလို့ မမေးတာလဲ? LJY ပြောတာကို ဘာလို့ယုံတာလဲ?” လို့ပြောတဲ့အခန်းမှာ သူ့သရုပ်ဆောင်အားကို မြင်နိုင်တယ်။ မြန်မာပြည်က ကလေးသရုပ်ဆောင်တွေလဲ အဲလို quality ရှိရှိ စိတ်ရှည်ရှည် သင်ပေးရင်တိုးတက်လာမယ်ထင်တယ်။ ညီလုပ်တဲ့ကောင်လေးကလဲ အရူးလေးကျနေတာပဲ (ခွိ… သူများ သားသမီးကို) သရုပ်ဆောင်ကောင်းလို့ပဲဖြစ်မှာပါ။

အဆုံးသတ်ရရင်တော့ ဒီဇာတ်ကားလေးရဲ့ ပေးချင်တဲ့ သင်ခန်းစာက ကလေးတစ်ယောက်ရဲ့ ကြီးပြင်းမှု ပတ်ဝန်းကျင် အခြေအနေက အလွန်တရာ အရေးကြီးကြောင်း သင်ခန်းစာရတယ်။ ဘာလို့လဲဆိုတော့ ကလေးဆိုတာ လောကရဲ့ အနာဂတ်တွေပဲလေ။ ပဲ့ကိုင်တဲ့သူပေါ်မူတည်ပြီး လူကောင်းဖြစ်လာနိုင်သလို၊ မကောင်းဆိုးဝါးတစ်ကောင်လဲဖြစ်လာနိုင်တယ်ဆိုတာပဲ။
ကဲ… ဒီအထိဖတ်ပြီးပြီဆိုရင်တော့ မဗေဒါ ဒီကားကို ကြည့်နေတုန်း ဒီလောက်မဟုတ်ဘူးလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ ကိုယ်မသိလိုက်ခင်မှာပဲ မဗေဒါ စွဲစွဲလန်းလန်း ကြိုက်တယ်ဆိုတာ အထူးပြောနေစရာမလိုတော့ပါဘူးနော်။ မှုခင်းတွေ၊ စိတ္တဇလူသတ်သမားတွေ၊ မင်းသားသစ် အမိုက်လေးတွေ ကြည့်ချင်တယ်ဆို ဒီကားကို ကြည့်ဖြစ်အောင် ကြည့်ပါ။

တစ်စုံတစ်ယောက်ရဲ့ အမှောင်ဘက်ခြမ်းကို မမြင်ရသေးသ၍ သူဘယ်လိုလူစားလဲ တကယ်မသိသေးပါဘူး။
တစ်စုံတစ်ယောက်ရဲ့ အမှောက်ဘက်ခြမ်းကို မခွင့်လွှတ်နိုင်သေးသ၍ အချစ်ဆိုတာကို သေချာမသိသေးပါဘူး။
(youtube user zuanie ရဲ့ Video က စာသားလေးပါ)




Spoiler Alert from now On

ဒီကားရဲ့ အဆုံးသတ်ကို သိပ်မကြိုက်ဘူးဆိုရင် ဘယ်လိုအဆုံးသတ်မျိုးဖြစ်စေချင်တာလဲဆိုတာ မေးချင်တယ်။ ဘာလို့လဲဆိုတော့ မဗေဒါလဲ အမျိုးမျိုးလှည့်ပတ်ပြီး ကိုယ်လိုချင်တဲ့အဆုံးသတ်ကို စဉ်းစားပေမဲ့ ဒီအဆုံးသတ်လေးကို ခုလို ပါးပါးလေးပြသွားတာကို သဘောကျပါတယ်။


နောက်ဆုံးခန်းမှာ Min, ကို LJY က နောက်ထပ် မှတ်ပုံတင်တစ်ခုနဲ့ ဇာတ်မြုပ်ပြီးနေမလား? ဒါမှမဟုတ် သူ့အစ်ကိုရဲ့ ညီအနေနဲ့ ဥပဒေအရ အရေးယူးခံပြီး ထောင်ထဲသွားမလား ရွေးခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ Min ဟာ ဒုတိယဟာကိုရွေးချယ်ခဲ့တယ်။ Min ဟာ သူလုပ်ခဲ့တာတွေကို မှားတယ်လို့လက်ခံလို့မဟုတ်ဘူး။ သူဟာ စိတ်ရောဂါသမားတစ်ယောက်လို့လဲ သူ့ကိုယ်သူ ဝန်ခံနေတာမဟုတ်ဘူး။ သူသတ်ခဲ့တဲ့လူတွေဟာ သေသင့်တဲ့လူတွေလို့ သူထင်နေဆဲပေမဲ့ သူ့အစ်ကိုကိုချစ်တဲ့စိတ်၊ သူ့အစ်ကိုရဲ့ ညီအနေနဲ့ပဲ နေချင်တဲ့စိတ်ကြောင့်သာ အဖမ်းခံမှာဖြစ်တယ်။ အဲဒိလိုလေး ပြပြေလေး သရုပ်ဖော်သွားတာကို သဘောကျတယ်။ ရုတ်တရက်ကြီး သူမှားခဲ့တာတွေကို သိပါပြီ၊ နောင်တရပါပြီဆိုရင်တောင် အဓိပ္ပါယ်သိပ်မရှိဘူးလေ။ ဒါပေမဲ့ ထောင်ကျတဲ့အထိမပြသွားပဲ Min ရဲ့ ဆုံးဖြတ်ချက်ကို LJY ပေးတဲ့စာအိတ်ကို မယူပဲထွက်သွားတာနဲ့ ပါးပါးလေးပဲပြသွားတယ်။ အဲ့ဒါပဲကောင်းပါတယ်။ သူလေး ထောင်ကျတဲ့အထိလဲ ကိုယ်မကြည့်ရက်ပါဘူး။ ခုလို ကျော့ကျော့ကော့ကော့ ပြုံးပြုံးလေးထွက်သွားတာကို ပြတာပဲ ကျေးဇူးတင်ပါတယ်။ (Anyway, မဗေဒါကတော့ သူဟာ စိတ်ရောဂါရှင်တစ်ယောက်အနေနဲ့ရော၊ ဥပဒေကို ကောင်းစွာနားလည်တဲ့ ရှေ့နေတစ်ယောက်အနေနဲ့ရော အပြစ်က လျော့ပေါ့နိုင်မယ်ထင်တာပဲ)။ ခုလိုပြသွားတာဟာ Min ရဲ့ အတွေးအခေါ်ဟာ လုံးလုံးတော့ မကောင်းသေးပေမဲ့ ကောင်းချင်စိတ်ရှိတဲ့ လမ်းစကိုရွေးချယ်လိုက်တယ်လို့ပြသွားတာပါပဲ။ အဲ့ဒိအတွက် သူတို့ ညီအစ်ကို ၂ယောက်အတွက် happy ending လို့ထင်တယ်။ (အစ်ကိုက စုံထောက်အကြံပေး၊ မရီးက ရဲမေ၊ သူကိုယ်တိုင်က လူသတ်ကောင်တွေကို ရှေ့နေလုပ်ပေးခဲ့တာတွေ အများကြီး၊ ထောင်ထဲမှာ အနေအစားချောင်မှာပါ၊ ကံကောင်းရင် ဆေးရုံမှာပဲတောင် နေရရင် နေရမှာ… ခွိ)


Lee Joon Yong ဇာတ်ကောင်ကို ဖမ်းမမိပဲ လွတ်သွားတယ်ဆိုလို စိတ်ထဲတော့ ခုလုခုလုနဲ့ လူဆိုးက မမိတော့ နောက်ထပ် ထပ်သတ်တာတွေ လုပ်နေအုံးမှာပေါ့လို့ တွေးမိတယ်ပဲထား။ သူ့ဇာတ်ကြောင်းကို ပြန်ပြတော့ သူဘာလို့ psychopath ဖြစ်သွားသလဲဆိုတာ သိလာရတော့ သနားမိတယ်။ အဆုံးမှာ Hyun ပြောသလိုပဲ။ သူ့ကို သနားတယ်။ ဒါပေမဲ့ သူ့လုပ်ရပ်တွေကို နားလည်မပေးနိုင်သလို ခွင့်လွှတ်ပေးမှာလဲ မဟုတ်ဘူးဆိုတာပဲ။ LJY က သူ့စိတ်ထဲမှာ ကလေးကို နှိပ်စက်တယ်လို့ထင်တဲ့ အုပ်ထိန်းသူတွေကို လိုက်သတ်ပြီး ကလေးတွေကို ကယ်တင်တယ်လို့ သူ့ကိုယ်သူယူဆတယ်။ ဒါပေမဲ့ Hyun တို့ကိစ္စမှာဆိုရင် သူ့အယူအဆက မှားတယ်လေ။ Hyun အဖေ အသားလွတ်သေရသလို ညီလေးနဲ့လဲ ကွဲခဲ့ရတယ်။ အဆုံးသတ်မှာ Hyun က သူ့ကိုဘာလို့ ဒီလောက် စွဲလန်းရတာလဲလို့မေးတော့။ တကယ်တော့ သူဖြစ်ချင်ခဲ့တာ Hyun လို လူမျိုးတစ်ယောက်ပါ။ ဒါပေမဲ့ ခုတော့ Min က သူ့ရဲ့ ကိုယ်ပွားလို့ဖြစ်နေတယ်။ Min ကိုခေါ်သွားတာ Hyun ကောင်းဖို့အတွက်ပါတဲ့။ Min လို ဂေါက်ကြောင်လေးသာ Hyun နဲ့အတူတူရှိနေရင် Hyun ဘဝပျက်စီးမှာစိုးလို့တဲ့။ သူ့အယူအဆနဲ့သူ Delusion ဖြစ်နေတာလေ။ သူကတော့ သူကြီးပျင်းလာတဲ့ အတွေ့အကြုံအရ သူကောင်းမယ်ထင်တာတွေလျှောက်လုပ်နေတာလေ။ အဲ့ဒါကြောင့် သူ့ကို သစ္စာခံ ကလေးတွေအများကြီးရှိသလို။ လူသတ်သမားဆိုပြီး မုန်းတီးသူတွေလဲရှိတာပဲ။ ဒါပေမဲ့ သူက အရူးပါးလေ။ အရမ်းလည်တဲ့သူပေါ့။ ဒီတော့ အဆုံးမှာ သူ့ကို ဖမ်းမိသွားတယ်ဆိုတာ ကျန်တဲ့သူတော့ မသိဘူး မဗေဒါကိုတော့ သိပ် ကျေနပ်မှုပေးမှာမဟုတ်ဘူး။ ခုလိုမျိုး သူနဲ့ Hyun ရဲ့ တိုက်ပွဲက ခုမှ တကယ်စပြီဆိုတဲ့ ပုံစံမျိုး ပြသွားတာ လူကို Season 2 ပဲ မျှော်ချင်သလိုလို ဆန့်တငံ့ငံ့နဲ့ဖြစ်စေတယ်။ တခြား ဆန့်တငံ့ငံ့ကို မကြိုက်ပေမဲ့ ဒီကား ဆန့်တငံ့ငံ့ကိုတော့ ကြိုက်မိတယ်။ စိတ်ထဲ LJY ဇာတ်ကောင်ကို သနားတာလဲပါမယ်ထင်တယ်။ အဲလိုတွေးမိလို့ ကိုယ့်ကိုကိုယ် စိတ္တဇလူသတ်သမားအတွေးများဖြစ်နေပြီလားဆိုပြီး လန့်တယ်။ ဒါပေမဲ့ မဟုတ်ပါဘူး ဇာတ်လမ်းကိုက အဲ့လိုပြသွားတာကိုး။ အဲ သိပ်မကျေနပ်တာက LJY က တခြား လူအနေနဲ့ ဇာတ်မြုပ်ပြီးထွက်ပြေးတိမ်းရှောင်တယ်ပဲထား။ သူ့ကို ငယ်ငယ်ကကူခဲ့တဲ့ မိန်းမ၊ မင်းသားကို နောက်ကနေ ဒုတ်နဲ့ရိုက်လိုက်တဲ့ မိန်းမက မဖမ်းမိဘူးလား? ဒါလဲ ဖြည့်တွေးပေးရမှာပေါ့လေ။ သူက ကျွန်မတို့ကို ပုစ္ဆာတစ်ပုဒ်အနေနဲ့ ဇာတ်ကားပြီးပေမဲ့ ဆက်ပြီး ဖြေရှင်းစေချင်အောင် ထားသွားတယ်လို့ ထင်တယ်။


3 comments :

madyjune said...

I think I cried a little when the little kid shouted to his father for locking him up without asking whether he's a monster or not. I also adore his little brother. He looked so innocent even though he's the real monster.

As I've already told you once, I love D.O's acting. Like you have said, he has potential.

I have to my favorite episode is when the three of them try to find Jang Nara (Sorry. I forgot her character's name:. It's quite amusing that they're able to find her because they think like killers.

Anonymous said...

ညကပဲ ကြည့်လို့ပြီးသွား ၂နာရီကျော်နေပေမဲ့ နောက်ဆုံးတပိုင်းပဲကျန်တော့ မကြည့်ပဲအိပ်လည်း အိပ် ပျော်မှာမဟုတ်မဲ့တူတူ
ဆက်ကြည့်လိုက်တယ်
ခုမှ စပွိုင်လာ အလတ် ကိုပြန်လာဖတ်တာ တခြား ကြည့်တဲ့သူ တွေဘယ်လိုဖြစ်ချင်လည်းလိုက်မဖတ်ရသေးလို့မသိပေမဲ့ ကိုယ့်အတွက်တော့ မဗေဒါ ပြောသလိုပဲ
အဆုံးသတ်ကို ကျေနပ်တယ် လူဆိုးမှန်သမျှ နောက်ဆုံးတော့ ရဲလက်ထဲရောက်တယ်ဆိုတာလည်း ရုပ်ရှင်ထဲမှာပဲရှိမယ် ဒီထဲက LJY နဲ့ MIN ဆိုလည်း အကြောင်းကြောင်းကြောင့် လူသတ်သမားဖြစ်နေပေမဲ့
တဖက်မှာလည်း အိုင်ကျူမြင့်တဲ့သူ တော်တဲ့သူတွေ အနေနဲ့ပုံဖော်ထားတယ် တခန်းမှာဆို မင်းသား မတွေးမိတာကို သူတို့တွေးမိပြီး လူသတ်သမားကို ဖမ်းလိုက်နိုင်တယ် အဲ့တော့ မင်းသားကLJY ကိုဖမ်းလိုက်နိုင်တယ်ပြရင် အရမ်းရုပ်ရှင်ဆန်သွားမယ်
မဗေဒါပြောသလိုပဲ နောက်ဆုံးမှာ အမြင်မှန်ရတယ်ဆိုပြီး အတင်းလုပ်ရင်လည်း အရသာပျက်သွားမှာပဲ
သူတို့လိုလူမျိုးမပြောနဲ့ လူကောင်းလို့ လူတွေသတ်မှတ်တဲ့သူတွေမှာတောင် တယောက်နဲ့တယောက် အယူအဆမတူကြဘူး ကိုယ်မှန်တယ်ထင်ရင် ရှေ့ဆက်တိုးတဲ့သူတွေ တပုံကြီး ဒါမဲ့ တခြားသူကိုတော့ ထိခိုက်လောက်တဲ့ထိမဟုတ်ဘူးပေါ့
AP

Anonymous said...

မန့်အရမ်းရှည်လို့ မင်းသားနဲ့ မင်းသမီး အကြောင်း သက်သက်လာရေးတာ
နောက်ဆုံးမှာ မင်းသားပြန်ပေါ်လာတာ ကိုယ့်အတွက်တော့ အကျေနပ်ဆုံးပဲ ဟီးဟီး
နောက်ဆုံး မင်းသားနဲ့ မင်းသမီး နမ်းတဲ့ အခန်းက chemistry မရှိသလိုပဲ ကားတလျှောက်လုံး ဘာလိုလိုလေးနဲ့ ချစ်နေကြတာကိုပဲ သဘောကျနေလို့လားမသိဘူး
မင်းသမီးကို affection ဖြစ်ဖြစ် ဖတ်ထားလိုက်တာကမှ ပိုကောင်းဦးမယ်
နမ်းခန်းမပါမနေရရိုက်နေသလိုကြီး.. ဒါရိုက်တာက မင်းသားနဲ့ မင်းသမီး နမ်းခန်းရိုက်မယ် ကယ် စမယ် (ကြည့်နေရင်း အဲ့လိုကြီးခံစားမိ) :P
AP